ကိုယ်ဝန်ဆောင်ချိန် အရမ်းမလှုပ်ရှားရဘူးဆိုတာ တကယ်ပဲလား
ကိုယ်ဝန်ဆောင်ချိန်မှာ လှုပ်လှုပ်ရှားရှား သိပ်မလုပ်နဲ့တော့နော်။ ကိုယ်ဝန်ထိခိုက်မှာ စိုးလို့ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ တကယ်ကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ လှုပ်ရှားမှု လုံးဝ မလုပ်ရတာလားဆိုတော့ မဟုတ်ပါဘူး။
ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ကလေးပါ ကျန်းမာစေဖို့အတွက် ထိုက်သင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုကို လုပ်ဆောင်ဖို့ လိုပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါဆိုတဲ့နေရာမှာ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုမျိုး မဟုတ်သလို ချော်လဲနိုင်မယ့် လှုပ်ရှားမှုမျိုးလည်း မလုပ်ရပါဘူး။ ဒီလို လုပ်တာက ကိုယ်ဝန်ကို ထိခိုက်စေနိုင်လို့ပါ။
နောက်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက အခုလို ကျန်းမာရေး ပြဿနာတွေ ရှိနေမယ်ဆိုရင်တော့ လှုပ်လှုပ်ရှားရှား မလုပ်မိဖို့ လိုပါမယ်။ ဘယ်လို အခြေအနေလဲဆိုတော့ -
- ကိုယ်ဝန်ဆောင်ချိန်မှာ ပြင်းထန်တဲ့ သွေးအားနည်းရောဂါ ရှိနေတာ
- နာတာရှည် အဆုတ်ရောဂါနဲ့ နှလုံးရောဂါ ခံစားနေရတာ
- ကိုယ်ဝန်ဆောင်ကာလ ၂၆ ပတ် နောက်ပိုင်းမှာ အချင်းက ရှေ့ရောက်နေတာမျိုး
- သားအိမ်ခေါင်း မလုံတာ
- ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးနေတာ
- ကိုယ်ဝန်ဆိပ်တက်နေတာ
- လမစေ့ဘဲ မွေးဖွားနိုင်ခြေရှိနေတာ
- အမြွှာကိုယ်ဝန်ဆောင်ထားရတာ
- လမစေ့ခင်ကတည်းက သာအိမ်းခေါင်းပွင့်နေတာမျိုး ဖြစ်နေမယ်ဆိုရင်တော့ တတ်နိုင်သမျှ နားနားနေနေနေတာ အကောင်းဆုံးပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်း လုပ်တာက အခုလို ကောင်းကျိုးလေးတွေ ရရှိစေနိုင်ပါတယ်။
သက်လုံကောင်းစေမယ်
ကိုယ်ဝန်ဆောင်ချိန်မှာ ထိုက်သင့်သလောက် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးတာက သက်လုံကောင်းစေသလို မွေးဖွားချိန်မှာ အမောခံနိုင်စေဖို့ ထောက်ကူပေးပါတယ်။ သွေးကြောတွေကို ကျန်းမာစေသလို နှလုံးကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန် ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ပေးမယ်
ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးတာ လှုပ်လှုပ်ရှားရှားနေတာက ကိုယ်ဝန်ဆောင်ဆီးချိုနဲ့ ကိုယ်ဝန်ဆောင်သွေးတိုးစတာတွေကို ကာကွယ်ပေးပြီး ကိုယ်ဝန်ဆောင်ချိန်မှာ အဝလွန်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
စိတ်ခံစားမှု ကောင်းစေတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးတာက စိတ်ခံစားမှု ကောင်းစေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဓာတ်ကျတာကို သက်သာစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ လှုပ်လှုပ်ရှားရှားနေတာ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက endorphins ဟော်မုန်းကို ထွက်ရှိစေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးတာ၊ စိုးရိမ်စိတ် များတာတွေကို သက်သာစေနိုင်ပါတယ်။
သွေးပေါင်ချိန် ထိန်းပေးတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးတာ၊ လေ့ကျင့်ခန်း လုပ်ပေးတာက သွေးတိုးတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ခါးနာတာ၊ ဆီးစပ်နာတာကို သက်သာစေတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်လက်လှုပ်ရှားမှု ရှိတာက ကိုယ်ဝန်ဆောင်မေမေတိုင်း ခံစားရနိုင်တဲ့ ခါးနာတာ၊ ဆီးစပ်နာတာတွေကို သက်သာစေနိုင်ပါတယ်။ တင်ပဆုံ ကြွက်သားတွေကို သန်မာစေနိုင်ပါတယ်။
ခြေကုန်လက်ပမ်းကျတာကို သက်သာစေနိုင်တယ်
ကိုယ်ဝန်ဆောင်ချိန်မှာ လှုပ်လှုပ်ရှားရှားနေတာက ခြေကုန်လက်ပမ်းကျတာကို သက်သာစေပြီး တက်ကြွလန်းဆန်းတဲ့ ကိုယ်ဝန်ဆောင်ကာလကို ပိုင်ဆိုင်နိုင်စေမှာပါ။
ကောင်းကောင်း အိပ်ပျော်စေနိုင်တယ်
ကိုယ်ဝန်ဆောင်ချိန်မှာ ထိုက်သင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်တာက ကောင်းကောင်းအိပ်ပျော် စေနိုင်မှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်တာမျိုး ကင်းချင်တယ်ဆိုရင်တော့ လေ့ကျင့်ခန်း လုပ်ပေးပါ။
ဝမ်းမှန်စေနိုင်တယ်
ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်း လုပ်တာ၊ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးတာက ဝမ်းမှန်စေဖို့နဲ့ ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာကိုပါ သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်လက်လှုပ်ရှားမှု လုပ်တော့မယ် ကိုယ်ဝန်ဆောင် ယောဂလိုမျိုး ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်တော့မယ်ဆိုရင်တော့ မလုပ်ခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်ပါလို့ အကြံပြုပါရစေ။
မွန်မွန်